International News

အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ်တွင် ယခုနှစ် သကြားထုတ်လုပ်မှုတန်ချိန် ၁၀၅ သိန်း ကျော်မည်ဟုသိရ

Last Updated:

အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ်၏သကြားထုတ်လုပ်မှုသည် ပြည်နယ်တွင် ကြံစိုက်ဧရိယာ တိုးတက်လာခြင်းကြောင့် တန်ချိန်(၁၀၅) သိန်းကျော်ရန်ရှိကြောင်း သိရသည်။ သို့သော် သကြားစက်လုပ်ငန်းရှင်များအနေဖြင့် အောက်တိုဘာလတွင် ရာသီမဟုတ် မိုးသည်းထန်စွာရွာသွန်းမှုအပါအဝင် ယခင်နှစ်များကကဲ့သို့ ကောက်ပဲသီးနှံများကို ဆိုးရွားစွာထိခိုက်စေနိုင်သည့် ရာသီဥတုဖောက်ပြန်မှုအလားအလာနှင့်ပတ်သက်၍ စိုးရိမ်မကင်းရှိနေကြသည်ဟုဆိုသည်။

အဆိုပါပြည်နယ်သည် ယမန်နှစ် ကြံစိုက်ရာသီ(အောက်တိုဘာလမှစက်တင်ဘာလအထိ)တွင် သကြားတန်ချိန် ၁၀၅ ဒဿမ ၄၀ သိန်းထုတ်လုပ်နိုင်ခဲ့ပြီး ပြည်နယ်အားလုံးတွင် အမြင့်ဆုံးထုတ်လုပ်နိုင်ခဲ့သည်။ Maharashtra ပြည်နယ်၏ သကြားထုတ်လုပ်မှုတန်ချိန် ၁၀၅ ဒဿမ ၃၀ သိန်းထက် အနည်းငယ်ပို၍ ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။ အိန္ဒိယသကြားစက်များအသင်း (ISMA) ၏ ဥက္ကဌ Aditya Jhunjhunwala က ယခင်နှစ်များတွင် ပုံမှန်မဟုတ်သော မိုးရွာသွန်းမှုပုံစံများကြောင့် သီးနှံပျက်စီးမှုများရှိခဲ့ကြောင်း၊ ယခုနှစ်တွင် အချိန်မီမိုးရွာနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရရှိသည့် ကြံစတင်စိုက်ပျိုးမှုဆိုင်ရာ အချက်အလက်များအရ Uttar Pradesh ပြည်နယ်သည် ပြည်နယ်အားလုံးတွင် ကြံစိုက်ဧရိယာအများဆုံးဖြစ်ပြီး ဇူလိုင်လ ၇ ရက်နေ့အထိ ဟက်တာ ၂၇ ဒဿမ ၅၁ သိန်း(ယမန်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ဟက်တာ ၂၃ ဒဿမ ၆၀ သိန်း) ရှိကြောင်း သိရသည်။ Maharashtra ပြည်နယ်တွင် ကြံစတင်စိုက်ပျိုးမှုအခြေအနေသည် ဟက်တာ ၁၂ ဒဿမ ၁၁ သိန်းမှ ၁၀ ဒဿမ ၅၄ သိန်းသို့ ကျဆင်းသွားသည်။ အိန္ဒိယနိုင်ငံတစ်ဝှမ်းလုံး၏ ကြံစိုက်ဧကစုစုပေါင်းသည် ဟက်တာ ၅၄ ဒဿမ ၄၀ သိန်းရှိပြီး လွန်ခဲ့သည့်နှစ်က ဟက်တာ ၅၂ ဒဿမ ၉၂ သိန်းထက် မြင့်တက်ခဲ့ကြောင်း သိရသည်။

Uttar Pradesh ပြည်နယ်တွင် ကြံရည်ပြန်လည်ရရှိမှုနှုန်းသည် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် Maharashtra ပြည်နယ်ရှိ ၁၁ ဒဿမ ၂ ရာခိုင်နှုန်းနှင့်နှိုင်းယှဉ်ပါက ၁၁ ဒဿမ ၅ ရာခိုင်နှုန်း ပိုမိုမြင့်မားသော်လည်း၊ တစ်ဧကသကြားထုတ်လုပ်မှုနှုန်းအားဖြင့်မူ Maharashtra ပြည်နယ်နှင့်နှိုင်းယှဉ်ပါက နည်းပါးလျက်ရှိသည်။ အကြောင်းမှာ သကြားထုတ်လုပ်မှုအစား ကြံသကာနှင့်အရက်ထုတ်လုပ်မှုဆီသို့ တစ်စိတ်တစ်ပိုင်းလမ်းလွှဲရောက်ရှိသွားသည့်အတွက် ဖြစ်သည်။

Uttar Pradesh ပြည်နယ်တွင် မကြာသေးမီနှစ်များအတွင်း ပြည်နယ်တစ်ဝှမ်းတွင် ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးကြပြီး၊ လက်ရှိရေပန်းစားလျက်ရှိသော ကြံမျိုးကွဲ CO-0238 နှင့်ပတ်သက်၍ ပိုးကျခြင်းကဲ့သို့ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ယင်းသို့ကြုံတွေ့နေရသည့် အခက်အခဲများကြောင့် ကြံစိုက်တောင်သူအချို့သည် အထွက်နှုန်းကောင်းသည့် အခြားကြံမျိုးကွဲတစ်မျိုးကို စတင်စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ရည်ညွှန်း။ The Hindu Businessline

https://www.thehindubusinessline.com/economy/agri-business/will-up-have-record-sugar-production-next-year/article67057734.ece?cx_testId=23&cx_testVariant=cx_1&cx_artPos=3&cx_experienceId=EXEPURFQAOW6#cxrecs_s

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ‌ကော်လ်ကတ္တားမြို့)

 

Category: International News